Saturday, July 19, 2014






အာဇာနည်နေ့ မှတ်သားမိသမျှ


အာဇာနည်နေ့ကို ဗိုလ်ချုပ်မွေးနေ့လို့ ရမ်းသမ်း ပြောဆိုနေကြတဲ့ ကာလမှာ ဒါကိုရော သိကြပါသလား။

☻ အာဇာနည်ကြီးများဟာ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ မှာ လုပ်ကြံခံရပြီး ကွယ်လွန်ခဲ့ကြတယ်။

☻ သို့သော် ကွယ်လွန်ပြီးတဲ့နောက် ရှစ်လနဲ့ ၂၁ ရက်အကြာ ၁၉၄၈ ခုနှစ် ဧပြီလ ၁၀ ရက်နေ့ကျတော့မှ အဲဒီ့အာဇာနည်များရဲ့ ကြွင်းကျန်တဲ့ ရုပ်ကလာပ်တွေကို သင်္ဂြိုလ်သမှု ပြုခဲ့ကြပါတယ်။

မြန်မာ့သမိုင်းမှာ (ဘုန်းကြီးမဟုတ်တဲ့) လူထဲက ကွယ်လွန်သူများရဲ့ ရုပ်ကလာပ်ကို မသင်္ဂြိုလ်ပဲ ကာလ အကြာဆုံး ထားခဲ့ဖူးတဲ့ စံချိန်အဖြစ်တောင် ဆိုရမယ် ထင်ပါတယ်။



                                                                                                                             အတ္တကျော်

Sunday, March 9, 2014

အဖေဆိုတာ

'အဖေဆိုသည်မှာ. . . ''
'အဖေဆိုသည်မှာ. . . ''

ဟိုး. .
ကျွန်တော်ငယ်ငယ် ကလေးဘဝ
စကားပြောတတ်စ အရွယ်တုန်းကပေါ့
အဖေနဲ့ အမေကမေးတယ်
ဖေဖေနဲ့မေမေ ဘယ်သူ့  ကိုပိုချစ်သလဲတဲ့
ကျွန်တော် ဖြေတယ်
''မေမေ့ကို ပိုချစ်တယ်''
အမေကပြုံးပြီးအဖေ့ကိုကြည့်တယ်
အဖေကတော့ကျွန်တော့်ကို ပြုံးပြုံးကြီးကြည့်နေလေရဲ့. . .
အဲဒီလူထူးဆန်းကြီးအကြောင်း
ကျွန်တော့်ခေါင်းသေးသေးလေးနဲ့
စဉ်းစားလို့မရခဲ့ဘူး. . . .

ဒီလိုနဲ့ . .
ကျွန်တော်အဝေးရောက်ခဲ့တယ်
အပြုံးတုတွေကြား
ကျွန်တော်ယဉ်ပါးလာတော့. . .
အဖေ့အပြုံးကို ပြန်မြင်လာတယ်. .
အဖေရယ်. . .
အမေ့ကိုပိုချစ်တယ်ပြောတော့
အဖေတကယ်ပျော်လို့ပြုံးခဲ့တာလား. . .
ကျွန်တော့်ရင်ထဲစို့နင့်နေတယ်
ဟုတ်တယ်. . .
အဖေဆိုတာ. . .
ခံစားချက်ကိုမျိုသိပ်
ကျွန်တော်တို့အိပ်မက်တွေ အရောင်လက်ဖို့
တိတ်တိတ်ကလေး ပေးဆပ်ခဲ့တဲ့သူ. . .

ကျွန်တော်ငယ်ငယ်က
မိသားစုထမင်းဝိုင်းလေး
ခုပြန်တွေးတိုင်း မျက်ရည်ဝဲတယ်
တစ်ခါတစ်ရံချက်ဖြစ်တဲ့
ကြက်သားဟင်းနဲ့နေ့ကလေးပေါ့
အမေကအသည်းအမြစ်ကလေးကို
အဖေ့ပန်းကန်ထဲဦးချတယ်
အဖေရယ်လေ. . .
အသည်းအမြစ်လေးကို လေးပိုင်းပိုင်း
ကျွန်တော်တို့မောင်နှစ်မလေးယောက်ကို
မျှပေးပြီး ကြက်ခြေထောက်နဲ့လည်ပင်းရိုးကို
သူ့ ပန်းကန်ထဲထည့်စားတယ်
ကျွန်တော်အဖေ့ကိုမေးတယ်
အဖေကဘာလို့အရိုးတွေစားတာလဲလို့
အဖေကပြုံးပြုံးကြီးဖြေတယ်
အဖေက အရိုးတွေကြိုက်လို့ပေါ့ သားရယ်တဲ့
အဲဒီလူထူးဆန်းကြီးအကြောင်း
ကျွန်တော့်ခေါင်းသေးသေးလေးနဲ့
တွေးမရခဲ့ဘူး. . .

အခု မုသားတွေကြား
ကျွန်တော်အသားကျလာတော့
အဖေ့စကားသံတွေပြန်ကြားတယ်
အဖေရယ်. . .
အဖေကြိုက်တဲ့ အရိုးတွေက
တကယ်များချိုမြိန်ခဲ့တာလား
ကျွန်တော့်ရင်ထဲစို့နင့်လာတယ်
ဟုတ်တယ်. . . အဖေဆိုတာ. . .
ဆူးခင်းလမ်းပေါ် ရဲရဲလျှောက်
ကျွန်တော်တို့ဘဝတွေ အရောင်တောက်ဖို့
မိုးကောင်ကင်ကို ဖောက်ခဲ့တဲ့သူ. . .

ငယ်ငယ်က အမေ့လက်ဖုဝါးလေး
ဆော့ကစားတော့
အဖေကလက်ဖုဝါးလေးထိုးပေးခဲ့ဖူးတယ်
ကျွန်တော်ပြောခဲ့ဖူးတယ်
မကိုင်ချင်ဘူး အဖေ့လက်တွေကကြမ်းတယ်
အဖေက ကျွန်တော့ပါးလေးမွှေးမွှေးပေးပြီး
ပေါက်တူးတစ်လက်နဲ့ လယ်တောထွက်သွားတယ်
အဲဒီလူထူးဆန်းကြီးအကြောင်း
ကျွန်တော့်ခေါင်းသေးသေးလေးနဲ့
တွေးလို့မရခဲ့ဘူး. . .

ဒီနေ့
လောကလမ်းထဲ
စမ်းတဝါးဝါးနဲ့ ငွေတွင်းကနက်တယ်
အဖေ့လက်ဖုဝါးတွေ ဘာကြောင့်ကြမ်းလဲ ကျွန်တော်သိပြီ
ကျွန်တော့်ရင်ထဲ စို့နင့်လာတယ်
ဟုတ်တယ် အဖေဆိုတာ
ကြယ်တစ်စင်းလို မမှိတ်မသုန်အလင်းနဲ့
ကျွန်တော်တို့နင်းဖို့ ဘဝကို မြေလိုခင်းပေးခဲ့တဲ့သူ. . .

မနေကတော့
အမေ့အိမ်လေး
ကျွန်တော် အပြေးရောက်ခဲ့မိတယ်
ငါ့သားအနေအစားဆင်းရဲလာတယ်
အသားဟင်းလေးချက်ပါတဲ့. . .
အဖေ့စကားသံတွေကမပီပြင်ဘူး
အဖေ့သွားတွေ အရင်လို အစီအရီမရှိကြတော့ဘူးလေ
တိုက်တိုက်ဆိုင်ဆိုင်
အမေကြက်သားဟင်းချက်တယ်
ထမင်းဝိုင်းလေးက အရင်လို လူမစုံတော့ဘူး
အမေကတော့ ဝတ္တရားမပျက်
အဖေ့အတွက် ဦးချမြဲ
အသည်းအမြစ်ကလေးပါပဲ. . .
အဖေရယ်လေ
တုန်တုန်ရင်ရင် သူ့လက်ကလေးနဲ့
ကျွန်တော့်ပန်းကန်ထဲ ထည့်ဖို့ပြင်နေလေရဲ့
ကျွန်တော်အဖေ့လက် ရှုံ့ရှုံ့လေးကိုဖွဖွကိုင်ပြီး အဖေစားပါအဖေရယ်လို့  ပြောမိတယ်
ကျွန်တော့်ပါးပြင်ပေါ် မျက်ရည်တွေ တလိမ့်လိမ့် စီးကျလာတယ်
ကျွန်တော်အဖေ့ကို လက်အုပ်ကလေးချီလိုက်ပြီး
အမေ့ဘက်လှည့်လို့ ပြောလိုက်တယ်
''အမေ အဲဒီကြက်ခြေထောက်နဲ့လည်ချောင်းရိုး
ကျွန်တော့ပန်းကန်ထဲထည့်ပေးပါ ''
အဖေက ကျွန်တော့်ကိုပြုံးပြုံးကြီးကြည့်နေလေရဲ့
မျက်ဝန်းမှာတော့ မျက်ရည်စတွေနဲ့. . .
ကျွန်တော်အဖေ့လည်ပင်းလေးကို မွှေးမွှေးပေးရင်း တစ်ချက်ရှိုက်လိုက်မိတယ်
ဟုတ်တယ်. . .
အဲဒီလူထူးဆန်းကြီးအကြောင်း
ကျွန်တော် ဒီနေ့ကောင်းကောင်းသိခဲ့ပါပြီ. . . .။ ။
ရှိခိုးဦးချကန်တော့ပါရစေ အဖေ

လွမ်းခွင့်မရှိတဲ့ လူ

( copy from Min Zaw Swe facebook)

Saturday, February 8, 2014

တစ်ပါးသူသမီးကို ခွင့်လွှတ်ပေးပါ
________________________

စားသောက်ဆိုင်မှာ ကျွန်မတို့စားပွဲဝိုင်းကို တာဝန်ယူစားပွဲထိုးတဲ့မိန်းကလေးက ငယ်ရွယ်နုပျိုသူတစ်ဦးပါ။ သူ့ကို ကျွန်မသတိထားမိရတာက သူဟာ စားပွဲထိုးရာမှာ တုံ့နှေးတုံ့နှေးနဲ့ ကျွမ်းကျွမ်းကျင်ကျင် မလုပ်တတ်သေးတဲ့ ပုံစံမို့ပါ။ သူဟင်းတွေချနေတုန်း ဟင်းရည်တွေ ကျွန်မပေါ် သူမတော်တဆ လောင်းချလိုက်မှာကို ကျွန်မစိုးရိမ်နေမိတယ်။

ကျွန်မရဲ့ဆဌမအာရုံက ကျွန်မကို မညာခဲ့ပါဘူး။ ကျွန်မဘေးကနေ ငါးပေါင်းဟင်းကို သူလာချတော့ ပန်းကန်က ရွဲ့ရွဲ့စောင်းစောင်းနဲ့။ ညှီနံတထောင်းထောင်းထနေတဲ့ ငါးဟင်းရည်တွေက စားပွဲခုံပေါ်တင်ထားတဲ့ ကျွန်မပိုက်ဆံအိတ်ပေါ် တစ်စက်စက်စီးကျလာခဲ့တယ်။ ဒါကိုမြင်တော့ ဖျတ်ခနဲ ကျွန်မအလိုလို ထရပ်လိုက်မိတယ်။ ကျွန်မရဲ့မျက်နှာကလည်း ဒေါသတကြီးနဲ့ ထစ်ချုန်းတော့မယ်မိုးလို ရုတ်ချည်မည်းသွားတယ်။ ဒီပိုက်ဆံအိတ်က ကျွန်မအီတလီကနေ ဝယ်ခဲ့တဲ့ ပိုက်ဆံအိတ်၊ ဈေးကြီးပေးပြီး ဝယ်ခဲ့ရတဲ့ အကောင်းစားပိုက်ဆံအိတ်၊ ကျွန်မအနှစ်သက်ဆုံး ပိုက်ဆံအိတ်။

ဒါပေမယ့် ကျွန်မဒေါသတွေ သူ့အပေါ်မကျရောက်ခင် ကျွန်မအချစ်ဆုံသမီးက လှစ်ခနဲထပြီး စားပွဲထိုးကောင်မလေးဘေးမှာ လာရပ်တယ်။ ပြီးတော့ နွေးထွေးတဲ့အပြုံးနဲ့ ကောင်မလေးပခုံးကိုကိုင်ပြီး “ဘာမှမဖြစ်ဘူး.. ကိစ္စမရှိဘူး”လို့ ဆိုတယ်။

စားပွဲထိုးကောင်မလေးက ချောက်ချားပြီး အကူအညီမဲ့တဲ့အကြည့်နဲ့ ဟင်းရည်တွေပေသွားတဲ့ ကျွန်မရဲ့ပိုက်ဆံအိတ်ကို ကြည့်ပြီး “ဟို.. ဟို.. ကျွန်.. ကျွန်..မ အဝတ်စယူပြီး သုတ်လိုက်မယ်”လို့ တုန်တုန်လှုပ်လှုပ်ပြောတယ်။

ဒါကို သမီးက မထင်မှတ်ဘဲ “ကိစ္စမရှိပါဘူး… အိမ်ရောက်ရင် ရေနဲ့ဆေးလိုက်မယ်.. တကယ် ဘာမှမဖြစ်ဘူး.. စိတ်ထဲမထားနဲ့.. လုပ်စရာရှိတာလုပ်ပါ”လို့ သူ့ကိုပြန်နှစ်သိမ့်လိုက်တယ်။

ကြည့်ရတာ သူကပဲ အမှားလုပ်တဲ့လူလို သမီးရဲ့အသံက ညင်သာပျော့ပျောင်းနေတယ်။ ဒီလိုအချိန်ကျမှ စားပွဲထိုးကောင်မလေးရဲ့ ချောက်ချားထိတ်လန့်နေတဲ့မျက်နှာက တဖြေးဖြေးပြေလျော့ပြီး အသံတိုးတိုးလေးနဲ့ “ကျွန်မ တောင်းပန်ပါတယ်”လို့ပြောတယ်။ ပြီးတော့ ခေါင်းငုံ့ပြီး ထွက်သွားတော့တယ်။

သမီးကို ကျွန်မစူးစူးရဲရဲ စိုက်ကြည့်လိုက်တယ်။ လေအပြည့်လွန်သွားတဲ့ ပူစီဖောင်းတစ်လုံးလို ကျွန်မရဲ့ဒေါသတွေ ဖောက်ခွဲချင်ပေမယ့် ပေါက်ကွဲခွင့်မရလိုက်ဘူး။ သမီးလည်း ကျွန်မကို ငြိမ်ငြိမ်ဆိတ်ဆိတ်ပြန်ကြည့်နေတယ်။ စားသောက်ဆိုင်ရဲ့ ကြည်လင်တဲ့မီးရောင်အောက်မှာ သမီးမျက်ဝန်းကျယ်ထဲက မျက်ရည်တချို့လဲ့နေတာကို ကျွန်မထင်ထင်ရှားရှားတွေ့လိုက်မိတယ်။ စိတ်တိုရမယ့်အစား ကျွန်မထိတ်လန့်သွားမိတယ်။ ငါ့သမီးလေး.. ဘာများဖြစ်တာပါလိမ့်….

အဲဒီနေ့ည အိမ်ပြန်ရောက်တော့ ကျွန်မတို့သားအမိနှစ်ယောက် ကုတင်ပေါ်မှာ ပူးပူးကပ်ကပ်လဲလျောင်းနေချိန်မှပဲ သမီးက သူ့အဖြစ်ကို ရင်ဖွင့်တော့တယ်။

သမီးကို ကိုယ့်အားကိုယ်ကိုးတတ်အောင် အင်္ဂလန်လွတ်ပြီး ကျွန်မကျောင်းထားခဲ့တယ်။ ကျောင်းပိတ်ရက်အတွင်းမှာလည်း သူ့ကို အိမ်ပေးမပြန်ခဲ့ဘူး။ အင်္ဂလန်မှာ အလုပ်လုပ်ရင်း ကျောင်းတက်တဲ့ဘဝကို သူခံစားနိုင်ဖို့ ကျွန်မတို့မျှော်လင့်ခဲ့တယ်

သူ့အစ်ကိုကြီး အမေရိကားမှာကျောင်းတက်တုန်းက ကျောင်းတွင်းစာပို့လုလင်လုပ်ခဲ့ဖူးတယ်။ သူ့အစ်ကိုငယ်လည်း လက်တွေ့စမ်းသပ်ခန်းမှာ အကူအဖြစ် ဝင်လုပ်ခဲ့ဖူးတယ်။ သွက်သွက်လက်လက် ချစ်စရာကောင်းတဲ့ ဒီသမီးထွေးလေးက အိမ်အလုပ် ဘာမှလုပ်ခဲ့ဖူးတယ်ဆိုတာ မရှိဘူး။ အိမ်အလုပ်တွေ သူလုပ်ဖို့ အလှည့်မကျခဲ့ဘူး။ ဒီလိုသမီးလေးက နယ်ခြားမြေခြား အင်္ဂလန်ရောက်တော့ စားသောက်ဆိုင်တစ်ဆိုင်မှာ စားပွဲထိုးလုပ်ရင်း ကျောင်းတက်ခဲ့တယ်။

ပထမတစ်ရက် အလုပ်စတက်တဲ့နေ့မှာပဲ သူအမှားလုပ်ခဲ့တယ်။

အဲဒီနေ့က မီးဖိုမှာ ဝိုင်ဖန်ခွက်တွေဆေးဖို့ သူတာဝန်ကျတယ်။ ခြေတံသေးသေးသွယ်သွယ်နဲ့ ဝိုင်ဖန်ခွက်တွေက ပုစဉ်းရဲ့တောင်ပံလို ပါးလွှာလှတယ်။ အားလေးနည်းနည်းပါသွားရင်တောင် တစစီကျိုးကြေသွားမယ့် ပုံစံပါပဲ။

ဖန်ခွက်တွေကို သမီးသတိထားပြီး ဆေးလိုက်ပါတယ်။ တစ်သက်လုံးဆေးလည်း ကုန်မှာမဟုတ်ဘူးလို့ တွေးထင်ထားတဲ့ ဖန်ခွက်တွေကို အားလုံးဆေးပြီးတော့ သမီးရင်ပေါ့သွားတယ်။ ဒါပေမယ့် မထင်မှတ်ဘဲ ကိုယ်ကိုလှည့်လိုက်ချိန် မှောက်ထားတဲ့ ဖန်ခွက်တွေကို သူတိုက်လိုက်မိတယ်။ “ချွမ်.. ခလွမ်…”ဆိုတဲ့ အသံတွေ ဆက်တိုက်ပေါ်လာပြီးနောက် ကြမ်းပြင်ပေါ်မှာ လက်လက်ထနေတဲ့ ဖန်ခွက်အပိုင်းအစတွေ စုပုံသွားတော့တယ်။

“မေမေ.. အဲဒီတခဏ သမီးလေ ငရဲပြည်အောက် ပြုတ်ကျသွားသလိုပဲ ခံစားမိတယ် သိတယ်..”

သမီးရဲ့အသံမှာ ထိတ်လန့်တုန်လှုပ်မှုတွေ ပါနေသေးတယ်။

“ဒါပေမယ့် သမီးရဲ့မန်နေဂျာက သမီးကို ဘယ်လိုဆက်ဆံသလဲ မေမေသိလား… သမီးဆီကို သူအေးဆေးလျှောက်လာပြီး သမီးကိုပွေ့ဖက်လိုက်တယ်… ပြီးတော့.. Dear, သမီးလေး ဘာမှမဖြစ်ဘူး မဟုတ်လား လို့မေးတယ်။ တဆက်တည်း တခြားဝန်ထမ်းဖက် သူလှည့်ပြီး ဖန်ခွက်ကွဲတွေကို လှဲကျင်းဖို့ပြောတယ်။ သမီးကို အပြစ်တင်တဲ့စကားတစ်ခွန်းမှ သူမပြောခဲ့ဘူး”

နောက်တစ်ကြိမ်က ဝိုင်တွေကို ဖန်ခွက်ထဲ သမီးသွန်ထည့်နေတုန်း မတော်တဆဝိုင်တွေဖိတ်ပြီး အမျိုးသမီးဧည့်သည်ရဲ့ဂါဝန်ဖြူဖြူကို အရောင်စွန်းသွားတယ်။ မတော်တဆဆိုပေမယ့် ဒါဟာ ဒေါသထွက်စရာပါ။ ဒါပေမယ့် ဧည့်သည်အမျိုးသမီးက အမျက်ဒေါသမထွက်တဲ့အပြင် ကြောက်ရွံ့နေတဲ့သမီးကို

“ကိစ္စမရှိဘူး.. ဝိုင်ပေတာ လျော်ရလွယ်ပါတယ်”လို့ နှစ်သိမ့်စကားပြောခဲ့တယ်။ ထိုင်ရာကထရပ်ပြီး သမီးပခုံးကို ညင်ညင်သာသာပုတ်ပြီး သန့်စင်ခန်းဘက် သူ အေးအေးဆေးဆေး လျှောက်သွားခဲ့ပါတယ်။

သမီးက သူ့အဖြစ်ကို မျက်ရည်အဝဲသားနဲ့ ပြောပြနေရင်းက ကျေးဇူးတင်တဲ့လေသံနဲ့ ကျွန်မကို “မေမေ… တခြားလူတောင် မေမေ့သမီးကို ခွင့်လွှတ်နားလည်ပေးနိုင်သေးတာပဲ။ မေမေလည်း အမှားလုပ်မိတဲ့ တစ်ပါးသူရဲ့သမီးကို ခွင့်လွှတ်နားလည်ပေးလိုက်ပါနော် မေမေ”လို့ ဆိုတယ်။

သမီးကို ကျွန်မရင်ခွင်ထဲ တင်းတင်းလေး ပွေ့ဖက်ထားလိုက်မိတယ်။ သူတစ်ပါးကတောင် ကိုယ့်သမီးကို ခွင့်လွှတ်နားလည်ပေးသေးတာပဲ။ ကျွန်မက ဘာလို့ သူတစ်ပါးရဲ့သမီးကို ခွင့်မလွှတ်နိုင်ရမှာလဲ။ သမီးကို ကျွန်မကျေးဇူးတင်မိပါတယ်။ အသက်ငယ်ရွယ်ပေမယ့် ကျွန်မကို ခွင့်လွှတ်နားလည်တတ်ဖို့ သူသင်ခန်းစာပေးခဲ့လိုက်လို့ပါပဲ။


မူရင်း-- http://ibook.idv.tw/enews/enews721-750/enews733.html

စက်တင်ဘာလထုတ် The Chic မဂ္ဂဇင်း

နိုင်းနိုင်းစနေ
အဖေဆိုတာ….
************
သားယောင်္ကျားလေးမွေးလာရင်….
သူထက်သာပြီး အားကိုထိုက်တဲ့ လူဖြစ်စေချင်တယ်။
သမီးမိန်းခလေးမွေးလာရင်…
သူ့ဇနီးထက်ပိုသာတဲ့ အမျိုသမီးကောင်းဖြစ်စေချင်တယ်။

… သူ့ရဲ့သားအတွက်…
ကိုယ့်ရဲ့အသက်ကိုပင် ပဓာနမထားပဲ…
သူရဲကောင်းတယောက်လို အင်အားတွေကုန်ခန်းသည့်တိုင်…
ရှေ့ကမားမာမတ်မတ်ရပ်တည်ပြီး ကာကွယ်ပေးတက်သလို…..။
သူရဲ့သမီးအတွက်…
ကိုယ့်ရဲ့ ဘ၀ကိုပင် ဥပက္ခာပြုပြီး….
ဘုရင်တပါးလို ဘေးအန္တာရယ်တွေ ချုပ်ငြိမ်းသွားသည့်တိုင်…..
ရင်နှင့်မကွာထိန်းသိမ်းစောင့်ရှောက်ပြီး လုံခြူံမူတွေပေးစွမ်းတယ်.။

အဖေဆိုတာ…
အိမ်တစ်အိမ်ရဲ့ အမိုးနဲ့ထရံလိုပဲ…
သူ့ကိုယ်သူ အနစ်နာခံပြီး ရာသီဥတုဒါဏ်ကနေ…
မိသားစုလုံခြုံဖို့အတွက် အမြဲကာကွယ်ပေးနေ တက်တယ်.။
အဆုံးမဲ့ မေတ္တာနဲ့ ထာဝရလွမ်းခြုံပေးနေတက်တယ်…။
         တစ်ခါတုန်းက အဖိုးအိုတစ်ဦး ဟာ ရွာမှာ တစ်ယောက်တည်းအထီးကျန်ဆန်စွာနေရတယ် ။ တစ်နေ့တော့အဖိုးအိုက သူ့ သားနဲ့ သူ့ချွေးမ သူ့မြေးလေးတွေရှိတဲ့နေရာမှာ သွားနေမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရွာကနေထွက်လာခဲ့တယ် ..။ ဒီလိုနဲ့ ခရီးရှည်ကြီးကိုဖြတ်သန်းပြီးတော့ သူ့သား ချွေးမနဲ့ မြေးကလေးတို့နေတဲ့အိမ်ကိုရောက်လာပါတယ် ။

စစရောက်ခြင်းမှာ သားဖြစ်သူတို့မိသားစုက ၀မ်းပမ်းတသာကြိုဆိုကြတယ် ။ အိမ်ဦးခန်းမှာ နေရာပေးကြတယ် ။ ဒီလိုနဲ့ အဖိုးအိုဟာ သူ့သားမိသားစုနဲ့အတူ နေထိုင်ရင်း တစ်ပတ်တိတိ အချိန်ကိုရောက်လာခဲ့တယ် ။ နေ့တိုင်းနေ့တိုင်းမှာ မိသားစုထမင်းဝိုင်းမှာ အားလုံးအတူဝိုင်းစားကြတယ်။ အဖိုးအိုရဲ့မျက်လုံးတွေဟာ မှုန်ရီနေပါပြီ ။ အဖိုးအိုရဲ့လက်တွေက အသက်အရွယ်ကြောင့် တုန်ယင်နေခဲ့တယ် ။

တခါတခါ ဇွန်းနဲ့ ခက်ရင်းတွေလွတ်ကျသလို ..တခါတခါမှာလည်း ပန်းကန်ထဲက ထမင်းတွေဟာ ဘေးနားကိုဖိတ်လို့ဖိတ်ကြမ်းပြင်ပေါ်ကျလို့ကျနဲ့ ပေပွနေခဲ့ရတယ် ။ တစ်ပတ်တိတိရှိလာတဲ့အခါ သားဖြစ်သူနဲ့ချွေးမတို့က မခံနိုင်တော့ပါဘူး ။ သူတို့တိုင်ပင်ကြတယ် ။

“ အဖေ့ရဲ့ ထမင်းစားတဲ့အခါ ဟိုဖိတ်ဒီဖိတ်ဒါဏ်ကိုမခံနိုင်တော့ဘူး အဖေက ထမင်းစားရင်လည်းအသံမြည်တယ် ညစ်ပတ်နေတာပဲ ကြမ်းပြင်ပေါ်မှာလဲ ပေပွနေရော ငါတို့တစ်ခုခုလုပ်ရအောင် ” လို့ မိန်းမဖြစ်သူကိုတိုင်ပင်တယ် ။ ဒီလိုနဲ့ သူတို့ဟာ အဖိုးအိုကို ထမင်းတစ်ဝိုင်းတည်းအတူစားခွင့်မပေးတော့ပဲ အခန်းထောင့်လေးမှာ စားပွဲခုံသေးသေးလေးနဲ့ ကျွေးပါတော့တယ် ။

အဖိုးအိုဟာ ကြွေပန်းကန်နဲ့စားတဲ့အခါ မှာလည်း ခဏခဏ ပန်းကန်တွေကျကွဲတဲ့အတွက် သားဖြစ်သူက သစ်သားခွက်ကလေးလုပ်ပြီး အဖိုးအိုကိုကျွေးတယ် ။ အဲဒီအချိန်ကစလို့ အဖိုးအိုဟာ တိတ်ဆိတ်စွာပဲ အခန်းထောင့်လေးက ထမင်းစားပွဲလေးမှာ စားရပါတယ် ။ တခါတခါ သားဖြစ်သူနဲ့ချွေးမဖြစ်သူရဲ့ ဒေါသတကြီးဆူပူကြိမ်းမောင်းသံတွေကိုလည်းခံရသေးတယ် ။

ဒီလိုနဲ့တစ်နေ့တော့ သူတို့သားကလေးဖြစ်သူဟာ အိမ်ရှေ့မှာ ငြိမ်ငြိမ်ကလေးထိုင်ပြီး တစ်ခုခုကို စိတ်ဝင်တစားလုပ်နေတာတွေ့လိုက်ရတယ် ။ ဒီတော့ သားဖြစ်သူဆီသွားပြီး မိဘတွေကချိုသာတဲ့စကားနဲ့မေးလိုက်တယ် ။

“ သား ဘာလုပ်နေတာလဲ ဟင် ”

သားဖြစ်သူက သူ့ဖခင်နဲ့မိခင်ကို ပြုံးပြီးကြည့်လိုက်တယ် ပြီးတော့ ပြောလိုက်တယ် ..။

“ သားလည်း အဖေ့တို့အမေတို့လိုပဲ အဖေအမေတို့ကြီးလာရင်ကျွေးဖို့ သစ်သားခွက်ကလေးလုပ်နေတာပါ ”

အဲဒီလိုပြောပြီး သားဖြစ်သူက သူ့အလုပ်သူဆက်လုပ်နေခဲ့တယ် ။မိဘတွေဟာ သားဖြစ်သူစကားကိုကြားပြီးအလွန်ပဲထိတ်လန့်တုန်လှုပ်သွားခဲ့ရတယ် ။ သူတို့ ဘာစကားတစ်ခွန်းမှ မပြောနိုင်ဘူး တုန်လှုပ်ခြောက်ခြားသွားပြီး ပါးပြင်ပေါ်ကနေ မျက်ရည်တွေ စီးကျလာခဲ့ရတယ် ။ သူတို့အမှားကို သူတို့ ထင်းကနဲ မြင်သွားခဲ့ရတယ် ။ အိမ်ထဲကိုလှမ်းကြည့်လိုက်တော့အဖိုးအိုက တိတ်ဆိတ်စွာ သူတို့ကို ငေးနေတာတွေ့လိုက်ရပါတော့တယ် ။


သင်လည်းတစ်နေ့ အဖိုးအိုဖြစ်လာမှာပါပဲ ။ မိဘတွေကို ချစ်ခင်ကြင်နာယုယပြီးကိုယ့်မျိုးဆက်တွေအတွက် မေတ္တာတရားကိုပြသပါ ။ ကလေးတွေဟာ သင်တို့အပြုအမှုတွေကို မြင်တယ် .. ကြားတယ် ..လိုက်မှတ်သားတယ် ..။ သင်တို့ပြုသမျှဟာ သင်တို့ထံပြန်လာပါလိမ့်မယ် ။

တစ်နေ့နေ့မှာ ကိုယ်ဟာ သားတစ်ယောက် ပြီးတော့ဖခင်တစ်ယောက်ပြီးတော့အဖိုးအိုတစ်ယောက်ဖြစ်လာဦးမှာပါပဲ ။ မသေခင်လေး ကျွေးရတဲ့ မိဘအတွက် ထမင်းဟာ သူတို့မြိုချလိုက်တိုင်း မနင် ..ပါစေနဲ့ ။ လျောလျောရှူရှုဝင်ပါစေ ..။

“ မိဘကျေးဇူးဆပ်နိုင်ကြပါစေ ”

( သက်တန့်ချို ဘာသာပြန်ရေးဖွဲ့သည် )

Wednesday, May 9, 2012

အဖျားတက်နေတဲ့ သားသားမီး မီးကို ပြုစုခြင်း
ဒေါက်တာရည်ညွန့်မေ

ကလေးတွေရဲ့ ပုံမှန် ခန္ဓာကိုယ် အပူချိန်ဟာ ၃၆ ဒီဂရီ စင်တီ ဂရိတ် (၉၆.၈ ဒီဂရီ ဖာရင်ဟိုက်) မှ
၃၇ ဒီဂရီ စင်တီဂရိတ် (၉၈.၆ ဒီဂရီ ဖာရင်ဟိုက်) အတွင်းလို့ သတ်မှတ် ထားပါတယ်။ ၃၇.၇ ဒီဂရီ
စင်တီစရိတ် (၁၀ဝ ဒီဂရီ ဖာရင်ဟိုက်) ထက် ကျော်လွန် သော မည်သည့် ခန္ဓာကိုယ် အပူချိန်ကို
မဆို အဖျား ရှိနေပြီလို့ ပြောလေ့ ရှိပါတယ်။ ခန္ဓာကိုယ် အပူချိန်ဟာ ကလေးငယ် ဘယ်လောက်
လှုပ်လှုပ် ရှားရှား ရှိသလဲပေါ်မှာ မူတည်ပြီး ပြောင်းလဲ နိုင်သလို နေ့၏ အချိန်အခါ ပေါ်မူတည်
ပါတယ်။ ဥပမာ နံနက်ခင်းမှာ အပူချိန် အနည်းဆုံး အကျဆုံး ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့
အိပ်ပျော် နေစဉ် ကလေး တွေရဲ့ ကြွက်သားများ လှုပ်ရှားမှုဟာ အနည်းငယ်သာ
ရှိတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ တစ်နေ့တာလုံး လှုပ်ရှားမှု များပြီး တဲ့နောက် ညနေခင်းပိုင်း
အချိန် မှာတော့ သူတို့ရဲ့ ခန္ဓာကိုယ် အပူချိန်ဟာ အမြင့်ဆုံး ဖြစ်လေ့ရှိပါတယ်။ ဒီပြင် ပြေးလွှား
ခုန်ပေါက် ဆော့ကစား ထားတဲ့ ကလေးရဲ့ ကိုယ် အပူချိန် ကလည်း မြင့်တတ် ပါသေးတယ်။
နေထိုင် မကောင်းတာနဲ့ အတူ တွဲပြီး လာတတ်တဲ့ ကိုယ် အပူချိန် တက်ခြင်းဟာ ကူးစက် ရောဂါ
တစ်မျိုးမျိုးကို ခန္ဓာကိုယ်က တုံ့ပြန်မှုကြောင့် ဖြစ်ပါတယ်။ တစ်နည်း အားဖြင့် ခန္ဓာကိုယ်က ၄င်းရဲ့
ခုခံ ကာကွယ်ရေး စနစ်များကို အစီအစဉ် တကျ ထိန်းကျောင်း ကြပ်မတ်နေတယ် ဆိုတဲ့ လက္ခဏာ
တစ်ခုလည်း ဖြစ်ပါတယ်။
  ဒီအချက်ဟာ ကောင်းမွန်တဲ့ လက္ခဏာ တစ်ရပ် ဖြစ်ပါတယ်။ အရေးလည်း ကြီး ပါတယ်။
ဘာဖြစ်လို့လဲ ဆိုတော့ ကလေး အဖျား အများကြီး မတက်အောင် တားဆီး ပေးနိုင်လို့ပါပဲ။
ကလေးဟာ အဖျား သိပ်ကြီးရင် မသက်မသာနဲ့ ကသိကအောက် ဖြစ်တတ် ပါတယ်။ ထပ်၍
ဆိုရပါလျှင် အဖျား သိပ်ကြီး ပါက ကလေးငယ်တွေဟာ တက်သွား တတ်ပါတယ်။ ဒါကြောင့်
အဖျား မကြီးအောင် ကလေးရဲ့ အပူချိန်ကို ချပေးဖို့ သိပ်ကို အရေးကြီး ပါတယ်။

-အဝတ် ထူထူထူမူများ၊ စောင်များ ဖယ်ရှားခြင်း

ကလေးကို ဝတ်ပေးထားတဲ့ အဝတ်အစားများနှင့် စောင်များကို ဖယ်ပစ်ပါ။ သို့မှသာ ကလေးရဲ့
ခန္ဓာကိုယ်မှ အပူများ ဖြာထွက်လာကာ အေးလာပါလိမ့်မယ်။ ချည်ထည် ခပ်ပါးပါးလေး တစ်ထည်
ဖြင့်သာ လွှမ်းခြုံပေးပါ။ အကယ်၍ အဖျားဟာ ၃၉ ဒီဂရီစင်တီဂရိတ် (၁၀၂ ဒီဂရီ ဖာရင်ဟိုက်)
အထက် ဆိုပါက တီရှပ် ပါးပါး တစ်ထည် ဝတ်ထားပေးပါ။ ဘောင်းဘီတို တစ်ထည် သာ
ဝတ်ထားပေးပါ။

-ရေပတ် တိုက်ပေးခြင်း

ကလေးရဲ့ အပူချိန်ဟာ ၄၀ ဒီဂရီ စင်တီ ဂရိတ် (၁၀၄ ဒီဂရီ ဖာရင်ဟိုက်) ကျော်လာတာ နာရီဝက်
မက ကြာလာပြီ ဆိုပါက ကလေးမှာ ဝတ်ထားတဲ့ အထည်များကို ဖယ်ရှားပစ် ခြင်းနှင့်
မလုံလောက် တော့ပါ။ ဒါဆိုရင် ရေပတ် တိုက်ပေးခြင်း ပြုလုပ် ရပါမယ်။ ပိုက်ရေကို
သုံးပေးခြင်းဟာ ကလေး ငယ်အား မအေးစေပါ။ ပိုက်ရေဟာ အရေပြားရှိ သွေးကြောများကို ပွစေ
ကျယ်စေတဲ့ အတွက် အပူချိန်ကို ကျစေပါတယ်။ ရေက သိပ်အေး ပါက အရေပြားရှိ
သွေးကြောများကို ကျုံ့စေပြီး အပူကို မကျစေပါ။

(၁) ရေပုံး တစ်ပုံးမှာ ရေတစ်ဝက် ထည့်ပြီး သန့်စင်သော ဖလန်နယ်စ သို့မဟုတ် ရေမြှုပ်ကို
ထည့်ပါ။ ခြောက်သွေ့တဲ့ တဘက် များကို ကလေးရဲ့ ပတ်ပတ်လည်မှာ ထားပေးပါ။
သို့မှသာ ခုတင်ရှိ အိပ်ရာဖုံးများကို မစိုစေတော့ပါ။

(၂) ရေစိမ်ထားတဲ့ ဖလန်နယ်စ သို့မဟုတ် ရေမြှုပ်ကို ရေညှစ်ပြီး ကလေး၏ ဦးခေါင်းမှ စပြီး
ကလေးရဲ့ခန္ဓာကိုယ် တစ်ခု လုံးသို့ ညင်သာစွာ ပွတ်တိုက်ပေးပါ။ ရေမြှုပ် နွေးလာပါက လဲပါ။
  (၃) ရေပတ်တိုက်ပြီး ၁၀ မိနစ်ခန့်တွင် အပူချိန် ထပ်တိုင်း ကြည့်ပါ။ 38ံC (၁၀ဝ.၄ံF) ဆိုပါက
ရေပတ် တိုက်တာ ရပ်ပါ။ တကယ်လို့ အဖျား မကျပါက ရေပတ် ဆက်တိုက်ပါ။ အဖျားကို ၅ မိနစ်
တစ်ကြိမ် ထပ်တိုင်းပါ။ အဖျား ကျလျှင် ရေပတ် တိုက်တာရပ်ပါ။

(၄) ရေပတ် တိုက်ပြီးတာနှင့် ခြောက်သွေ့တဲ့ ချည်ထည် အဝတ်များ လဲလှယ် ဝတ်ပေးပါ။
ကလေးအား အအေး မပတ်ရန် သတိထားပါ။ အဖျားထပ် တက်ပါက ရေပတ်ထပ် တိုက်ပေး
နိုင်ပါတယ်။ အဲဒီလို လုပ်ရက်နှင့် အဖျား မကျဘူး ဆိုလျှင် ဆရာဝန်နှင့် ချက်ချင်းပြပါ။

-ဆေးတိုက်ကျွေးခြင်း

ကလေး၏ အဖျား ကျစေရန် အထိရောက်ဆုံး နည်းမှာ သူ့အား ဆေးတိုက် ကျွေးခြင်း ဖြစ်ပါတယ်။
ပါရာစီတမော ဆေးရည်သည် သင့်ကလေး အတွက် အကောင်းဆုံး ရွေးချယ်မှု တစ်ခု ဖြစ်ပါတယ်။
ကလေး အဖျား ကျဆေးကို အရည် အဖြစ် ထုတ်လုပ် ထားတဲ့ အတွက် ငယ်ရွယ် လှသော
ကလေးများ အတွက် ဆေးတိုက်ရတာ လွယ်ကူ ပါတယ်။

သင့်ကလေး ဖျားတဲ့အခါ ကလေး
အဖျားကျ ဆေးပြား ဖြစ်စေ၊ အရည် ဖြစ်စေ တိုက်မည် ဆိုပါက သတ်မှတ် ညွှန်ကြား ထားတဲ့
ပမာဏထက် ပိုမတိုက်ရပါ။
ဆရာဝန် ညွှန်ကြားချက် မရှိဘဲ ပါရာစီတမောလ် ဆေး ရည်ကို ၂ ရက်ထက်ပို၍ မတိုက်ပါနှင့်။
အများအားဖြင့် ပါရာစီတမောလ် ဆေးရည် များဟာ ချိုတဲ့ အရသာရှိသည့် အတွက် ကလေးအား ဆေးတိုက်ပြီး ပါက ပလုတ်ကျင်း ခိုင်းလိုက်ပါ။ ဒါမှမဟုတ်သွားတိုက် ခိုင်းလိုက်ပါ။
...........

ပျော်ရွှင်ကျန်းမာပါစေ
ချစ်ခင်လေးစားသော

Sunday, January 2, 2011

အမေ့မေတ္တာ

                                             နှလုံးသားထဲက
                                             ပန်းတစ်ခင်း၊ ရင်နင့်အောင်သင်းခဲ့
                                             လမင်းထက်လင်းလက်
                                             ကောင်းကင်ထက် မြင့်တဲ့အမေ....။
                                             ဒီလောက ကမ္ဘာမြေမှာ
                                             ရှိရှိသမျှ၊
                                             အဖိုးထိုက် ရတနာတွေနဲ့ ချိန်ဆက်
                                             အမေ့ မေတ္တာ၊ စေတနာ....
                                             ထာဝရ ကိုးဆယ်ဆသာ.....။